Thursday, September 29, 2011

ခြေရာလေးဖြစ်ချင်တယ် (29.9.2011)

မင်းရဲ့ခြေရာလေးသာ ဖြစ်လိုက်ချင်တယ်
မင်းဘယ်တော့မှ ပြန်လှည့်မကြည့်မယ့် ခြေရာလေးပေါ့
ဒါပေမယ့် မင်း ဒီခြေရာလေးမှာ သေချာနင်းခဲ့ပေးပါ..။

`မချစ်တတ်လို့လားမသိဘူး
သူများ ချစ်ပြရင်
မခံစားတတ်လိုက်တာ..´ အဲလိုမျိုးလေးပြန်ပြောခဲ့သလားကွာ..။

ဒီနေ့ ကျနော် ခံစားချက်လေးကို အရင်ပြောရမယ်ထင်တယ်..။
မွန်းကြပ်တယ်.။ မကျေနပ်တာကို ခံစားနေရတယ်..။

လူတစ်ယောက်ကို စိတ်တိုတယ်ဆိုတာထက် ကိုယ့်ကိုယ်ကို လည်း အားမရဘူးဗျာ..။
ကျနော်… ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရမိလို့ဗျာ..။
ဒီနေ့ မရမ်းရာဘာခြံ မှာ ရေစင်ဆောက်ဖို့ရယ် ရေအတွက်လိုအပ်တဲ့ ရေစုပ်စက်တို့ ပိုက်တို့
ဘာညာ ၀ယ်ပြီးတော့ ပမ္မတီး မှာသွားပို့ပေးရသည်။ ပြီးတော့ ရေစင်လုပ်ဖို့အတွက်
လက်သမားကို သွားပြောသည်..။ တစ်နေ့လုံးနီးပါး ပြေးလွှားနေရသည်ပေါ့လေ..။

ညနေအိမ်ပြန်ရောက်တော့ ခြေလက်ဆေး ထမင်းစားပြီးတော့ အင်တာနက်ဆိုင်လေးသို့
သွားမိသည်..။
အွန်လိုင်းပေါ်ရောက်တော့ ဂျီတော့လ်ဖွင့်တယ်..။ဖေ့ဘွတ်ဖွင့်သည်..။ မနေ့က ရေးထားတဲ့ ဒိုင်ယာရီလေးတင်သည်..။
ပြီးတော့ ဂျီတော့လ်က custom message မှာ စာတွေ လျှောက်ရေးမိသည်..။
ကျနော်သည် စိတ်ထဲမှာ နင့်နင့်နဲနဲလေးတစ်စုံတစ်ခုကို ခံစားရသည်..။ ဘာလဲဆိုတာတော့ ကျနော်မပြောချင်ပါ..။
ဒါပေမယ့် ကမ္ဘာပေါ်မှာ ကျနော် ခံစားဖူးတဲ့ ခံစားမှုတွေထဲမှာ ဒီနေ့ခံစားရတာကို ပြောမပြချင်ပါဘူးဗျာ..။
ဒီတော့ စိတ်ဖြေသိမ့်တဲ့အနေနှင့်ပေါနေမိသည်..။ ကျနော် ဆင်ခြေပေးနေသည်မဟုတ်ပါ..။

ကျနော့် အပေါ်မှာရေးထားတဲ့ ခြေရာလေးဖြစ်ချင်တယ်ဆိုတာ ကိုခန့်ကျနော့်ကိုပြောပြတာပါ..။ ကျနော် အဲလောက်မချစ်တတ်ပါဘူး..။
ဒါပေမယ့် အဲလိုချစ်ပါတယ်..။ ကျနော်လည်း သူ့ရဲ့ ခြေရာလေးသာ ဖြစ်ချင်ပါတယ်ဗျာ..။
ဒါပေမယ့် ခြေရာဆိုတာလည်း သူဘယ်တော့မှ ပြန်လှည့်ကြည့်တာမဟုတ်ဘူးလေ..။
ကျနော် တစ်ခုပြောပြမယ်ဗျာ..။ ကျနော်…အစိမ်းရောင်ကိုပဲ အမြဲတမ်းကြည့်ရမယ်ဆိုလို့ ပတ်ဝန်းကျင်တစ်ခုလုံးကို အစိမ်းရောင်ပြောင်းမိခဲ့တယ်ထင်သည်..။
အစိမ်းရောင်မျက်မှန်လေးတပ်ထားလိုက်ရင် ကြည့်သမျှ အစိမ်းရောင်ဖြစ်နေမည်ဟု ကျနော်လည်းမတွေးမိဘူးဗျ..။
ပြီးတော့ ဒီနေ့ကျနော့် ဖိုရမ်က profile လေးကို ပြန်ပြောင်းလိုက်တယ်..။

အမေက ကျနော့်ကိုပြောသည်..။`သားး..ဘယ်သူကိုပဲဖြစ်ဖြစ် မယုံနဲ့´ တဲ့။ ကျနော် ယုံမိခဲ့တယ်..။
ကျနော်ချစ်တယ်ဆိုတာကို ယုံမိခဲ့တယ်..။

တစ်ခါတုန်းက ကလေးလေးတစ်ယောက် လမင်းကြီးကိုလိုချင်တယ်လို့ အမေကို ပူဆာတော့ အမေက
ကလေးရှေ့မှာရေခွက်လေးထားပေးလိုက်တော့ လမင်းက ရေခွက်ထဲရောက်သွားပြီးတော့
ကလေးလေးပျော်သွားတယ်တဲ့..။ ဒါပေမယ့် လမင်းလေးကို သူတကယ်မရဘူးဆိုတာ သူမသိလို့ပျော်နေတာပေါ့..။

အခုကျနော်ပျော်ပါတယ်..။ အချစ်ဆိုတာ ချစ်နေဖို့လို့ပဲ ကျနော်ထင်တယ်လေ..။
ချစ်နေခွင့်လေး မရတော့မှာပဲ စိုးရိမ်မိပါတယ်..။

တစ်ခါတစ်လေမှာ ချစ်သူခေါင်းငြိမ့်ပြတာလေးကို မြင်ချင်လိုက်တာဗျာ..။

အားလုံးကို လေးစားခင်မင်လျက်

green

0 comments:

Post a Comment