Sunday, October 2, 2011

(30.9.2011) လှုပ်လှုပ်ရှားရှားလေးပေါ့

ဒီနေ့ မနက်ပိုင်းရုံးကိုရောက်သည်။ မနက်ပိုင်း ဘာမှတော့ ထွေထွေထူးထူးမလုပ်ဖြစ်ပါ..။

စာရင်းပိုင်းက စာရင်းတစ်ခုကို စာရိုက်ပေးသည်..။ နေ့လည်ပိုင်း ၁၂ နာရီလောက်တော့ မရမ်းရာဘာခြံကို

ပစ္စည်းပို့မည့် ကိစ္စကိုလုပ်တော့ ဟု မန်နေဂျာမမက ကော်မန်းပေးလာသည်..။

အိမ်ပြန်ထမင်းစား..။ လက်သမားတွေကို သွားပြော..။ ပြီးတော့ ကိုဖိုးသဲနှင့် ချိတ်ပြီး ကားငှားကာ

မရမ်းကို နေ့လည် ၃ နာရီလောက်ထွက်ဖြစ်သည်..။ မရမ်းထိရောက်အောင် ဆိုင်ကယ် ၁နာရီခွဲခန့်စီးရသည်..။

လမ်းမှာ ကိုဖိုးသဲနှင့်စကားတွေ အများကြီးပြောဖြစ်သည်..။ ကျနော်က အချစ်သမားလုပ်တာကောင်းလား..။

အရက်သမားလုပ်တာကောင်းလားလို့ ကိုဖိုးသဲကို မေးလိုက်ရာ..။ သူက သိပ်နားမလည်ဘူးဆိုလို့ ပြန်ရှင်းပြလိုက်သေးသည်..။

အချစ်သမားဆိုတာလို့………..။ ကိုယ်ချစ်နေတဲ့သူ အသက်ရှင်ဖို့ ကျနော်သေပေးရမယ်ဆိုရင် ကျနော်သေပေးဖို့ အသင့်ပဲလို့ပြောလိုက်သည်..။

ပြီးတော့ သူပျော်နေတာကို မြင်နေရရင် ကိုယ်ဘယ်လောက်ပဲကြေကွဲနေပါစေ.. ကျေနပ်နေတဲ့သူလို့…….။

သူတော်တော်သဘောကျသွားသည်..။ သူ့မှာ မိန်းမနှင့် ကလေးရှိသည်..။

ကိုဖိုးသဲ ချစ်ခဲ့ဖူးလားလို့မေးတော့..သူဘာမှ မဖြေခဲ့ဘူး..။ အဲဒါနဲ့ဆက်ပြောတယ် အရက်သမားဆိုတာ အရက်သောက်သလောက်မူးတာကိုကျေနပ်တယ်လို့..။

ကိုဖိုးသဲက အချစ်သမားလုပ်တာပဲကောင်းတယ်တဲ့..။ အရက်သမားဆိုရင် လူရာမ၀င်တော့ဘူးလို့ပြောပါသည်..။

သူညနေတိုင်း အရက်သောက်တတ်သူဖြစ်သည် အရက်သမားတော့မဟုတ်ပါ..ကျနော့်ကိုလည်း မင်းတကယ်ချစ်ရင် ချစ်တဲ့အကြောင်းပြောရမယ်..။

မင်းသူ့ကို ချစ်နေတယ်ဆိုတာ သူသိအောင်လုပ်ရမယ်တဲ့..။

ညနေအိမ်ပြန်ရောက်တော့ ၇နာရီလောက်ရှိပြီ ထမင်းစားပြီး နက်ဆိုင်လေးပြေးသွားသည်။ လိုင်းကျနေသည်တဲ့..။

စိတ်ညစ်သွားပါသည်..။ ဒါပေမယ့် ခွေဆိုင်သွားပြီး ဒရမ်မာကားလေး နှစ်ခွေ ၀ယ်ပြီးကြည့်ဖြစ်သည်..။

ပထမကားက Euro trip တဲ့..။ အဲဒီကားလေးကြည့်ပြီး အိမ်မက်မက်သေးသည်..။ ဇာတ်ကားထဲမှာ ကောင်လေးက အမေရိကန် ကောင်မလေးက ဂျာမန်..။

ကောင်လေးက ကောင်မလေးကိုတွေ့ဖို့ ခရီးစဉ်လေးထွက်ပြီးတော့ ရောက်အောင်သွားခဲ့တာလေးကို ရိုက်ပြထားတာပါ..။ အရမ်းရိုမက်ဖြစ်ပါသည်..။

နောက်တစ်ကားကတော့ ကောင်လေးနဲ့ ကောင်မလေး လူချင်းချိန်းသွားတဲ့ကားလေးပါ..။ ဆိုလိုတာက ခန္ဓာကိုယ်ချင်း ချိန်းသွားတဲ့ကားလေးပါ..။

အချစ်ကားလေးဖြစ်ပြီးအရမ်းတော့စိတ်လှုပ်ရှားဖို့မကောင်းပါဘူး..။ ကျနော့်အမက ပြောသေးသည်..။

အောင်မင်း နင် အချစ်ကားတွေ ကြည့်လှချည်လားတဲ့..။ ဟီး..။

ကျနော့် ဒီနေ့စိတ်ခံစားချက်ကို ပြောရရင် စိတ်ထဲမှာ ဒွိဟတစ်ခုဖြစ်မိတယ်ဗျာ..။

ဒါပေမယ့် ကျနော်သူ့ကို သတိရမိပါတယ်..။ ကိုဖိုးသဲနဲ့စကားတွေ ပြောနေတဲ့တစ်လျှောက်လုံးပေါ့ဗျာ..။

ကျနော်ချစ်နေတဲ့သူဟာ အချစ်ဆိုတာ သူကျွမ်းကျင်စွာကစားနေတဲ့ ကစားစရာဖြစ်နေမှာကိုပေါ့..။

သူ့ကို ပြော ချင်တာလေးကိုရေးရရင်

`သိပ်ချစ်တယ်ဟာ ချစ်တတ်လာလိမ့်မယ်လို့ မထင်မိခဲ့ပေမယ့် ချစ်မိခဲ့တော့လည်း

အချစ်ရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်မှန်းမသိဖြစ်မိနေတယ် မင်း ချစ်တတ်ရင် ငါ့ကို အချစ်အကြောင်းလေးပြောပြပါလားကွာ´ လို့…။

0 comments:

Post a Comment